top of page
Search

"Psychological Flexibility" စိတ်ပိုင်းဆိုင်ရာ အလိုက်သင့် ညွှတ်ပြောင်းနူးညံ့နိုင်စွမ်း

Dec 9, 2025
1 min read


စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ စိတ်နာကျင်စရာတွေရဲ့ ဖုံးလွှမ်းထားတဲ့ အမှောင်ထုထဲကနေ ညင်သာစွာ တိုးထွက်လာနိုင်စွမ်း ကို Psychological Flexibility လို့ခေါ်ပါတယ်။


Psychological flexibility ကို

🌿ကိုယ်တွေ့ကြုံခံစားနေရတဲ့အရာမှန်သမျှနဲ့ ထိုအရာတွေကြောင့် ဖြစ်ပေါ်လာတဲ့အတွေးနှင့် ခံစားချက်ကိုကောင်းစွာသိရှိနေရင်းနဲ့

🌿ကိုယ့်အတွက် အကောင်းဆုံးဖြစ်စေဖို့ ရွေးချယ်လုပ်ဆောင်နိုင်မယ်။

ဆိုတဲ့အချက် ၂ ချက်နဲ့ပဲ ဖွဲ့စည်းထားတယ်။


ဆိုလိုတာကတော့ ခံစားချက်၊ အတွေး နဲ့ ကြောက်ရွံ့မှုတွေရဲ့ အောက်ကိုရောက်ရှိမသွားဘဲ

ကိုယ့်လက်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ပါဝါ ရှိနေစေပြီး

အေးချမ်းမှန်ကန်စွာကျော်ဖြတ်ခြင်းပဲဖြစ်တယ်။


လောကဓံလှိုင်းတွေရဲ့အောက် နစ်မြှုပ် မသွားစေဘဲ

အလိုက်သင့် နူးညံ့စွာ လှိုင်းစီးတတ်တဲ့အရည်အချင်းလို့လည်းပြောလို့ရတယ်။


အရည်အချင်းဆိုလို့ ပိုတင်းပြီး ကြိုးစားရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ပိုလျော့ချလေ အလုပ်ဖြစ်လေ ပါ


Psychological Flexibility ဘာလို့အရေးကြီးတာလဲ ဆိုရင်


Psychological Flexibility ကောင်းမွန်သူများဟာ

✔ စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြတယ်

✔ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုမှ လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်တယ်

✔ စိတ်ခွန်အားကုန်ခန်းခြင်းကို ကာကွယ်နိုင်တယ်

✔ ဆက်ဆံရေးများပိုမိုကောင်းမွန်စေတယ်

✔ ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်တယ်

✔ ဘဝကို အဓိပ္ပာယ်ရှိရှိ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါတယ်


Psychological Flexibility ကို ရရှိစေဖို့ ပံ့ပိုးပေးတဲ့အချက် ၆ ခု ရှိပါတယ်


၁။ လက်ခံခြင်း (Acceptance)


ခက်ခဲသော စိတ်ခံစားမှုများနှင့် အတွေးများကို တိုက်ထုတ်ခြင်း ချောင်ထိုးထားခြင်းမပြုဘဲ

၎င်းတို့ဖြစ်ပေါ်နေကြောင်းကိုသိပေးပြီး လက်ခံပေးခြင်း။

ဥပမာ - "ငါ့မှာ ဒီအဖြစ်အပျက်ဖြစ်ပေါ်ခဲ့ဖူးတယ်" "ငါ ဝမ်းနည်းနေတယ်" ဟု သိပေးခြင်း။


၂။ အတွေးကို ခွာထုတ်ပြီး သိပေးခြင်း (Cognitive Defusion)


အတွေးကို အတွေးအဖြစ် ကောင်းစွာမြင်နိုင်ဖို့ ခွာပြီးကြည့်ရတယ်။

လက်ဖဝါးပေါ်တင်ကြည့်သလို ကြည့်နေရင်းနဲ့ပဲ

အတွေးဟာဘဝတခုလုံးကို ကိုယ်စားမပြုကြောင်း

အတွေးဟာအတွေးပဲ ဖြစ်ကြောင်း သိမြင်နိုင်လာမယ်။


၃။ ပစ္စုပ္ပန်ကို သတိပြုခြင်း (Present-Moment Awareness/ Mindfulness)


“လက်ရှိအချိန် လက်ရှိနေရာ” တွင် စိတ်ကိုကောင်းစွာစုစည်းနေထိုင်ခြင်း။


၄။ မိမိကိုယ်ကို အခြေအနေတခုအဖြစ် သဘောထားကြည့်ခြင်း (Self-as-Context)


အတွေးများနှင့် စိတ်ခံစားမှုများကို ခွာထုတ် ခြေတလှမ်းဆုတ်ပြီး “စောင့်ကြည့်သူ အဖြစ်" မိမိကိုယ်ကို ခံစားသိရှိခြင်းဖြစ်တယ်။


ဥပမာ - ကောင်းကင်က ကောင်းကင်ပဲ

ရာသီဥတု နေပူတာ၊ မိုးရွာတာ၊ မုန်တိုင်းကျတာစတဲ့ ရာသီဥတုဟာ ကောင်းကင်ရဲ့အခြေအနေများသာဖြစ်ပြီး

ကောင်းကင်တခုလုံးကို ကိုယ်စားမပြုဘူး။


စမ်းချောင်းက စမ်းချောင်းသာ ဖြစ်တယ်။

သူ့ထဲမှာ မျောပါနေတဲ့ လှပတဲ့ငါးလေးတွေပဲဖြစ်ဖြစ်၊ အမှိုက်သရိုက်တွေပဲဖြစ်ဖြစ် စမ်းချောင်းထဲဖြတ်သန်းစီးဆင်းသွားတဲ့အခြေအနေများသာဖြစ်ပြီး

စမ်းချောင်းတခုလုံးကို ကိုယ်စားမပြုပါဘူး။


ကိုယ်က စမ်းချောင်းတခုဆိုရင် ကိုယ့်ဆီမှာ ဖြတ်သန်းစီးဆင်းသွားတဲ့ စိတ်အတွေးနဲ့ စိတ်ခံစားချက် တွေဟာ ကိုယ်မဟုတ်ဘူး။

အတွေးက အတွေးသာဖြစ်တယ်။ ခံစားချက်က ခံစားချက်သာ ဖြစ်ပါတယ်။


၅။ စံနှုန်းသတ်မှတ်ချက်များ (Values)


သင့်ရဲ့ပန်းတိုင်ကို မရောက်သေးပေမယ့် သင့်ရဲ့အရည်အသွေးက ပြောင်းလဲမသွားပါဘူး။

ဥပမာ - သင်က အဖေကောင်းတယောက်ဖြစ်ချင်တယ်ဆိုရင် မိသားစုအတွက် ဝင်ငွေကောင်းတဲ့အလုပ် လောလောဆယ်မရသေးပေမယ့်

အဖေကောင်းဆိုတဲ့စံနှုန်းကိုဆက်လက်ထိန်းသိမ်းနိုင်ပါတယ်။

မိသားစုအတွက် ကြင်ကြင်နာနာနဲ့ အမြဲအသင့်ရှိနေတာ မျိုးပေါ့။


၆။ ကောင်းစွာရှေ့ဆက်နိုင်ခြင်း (Committed Action)


ဒါကြောင့် အပေါ်က အချက်တွေကို တခုစီဖြည့်ပေးရင်း ကျင့်သုံးရင်းနဲ့

သင်ရဲ့ဖြစ်တည်မှုဟာ အဓိပ္ပာယ်ပိုရှိလာမယ်။

ဘဝကိုကောင်းစွာရှေ့ဆက်နိုင်လာပါမယ်။


ဒါကြောင့် Psychological Flexibility (စိတ်ပိုင်းဆိုင်ရာအလိုက်သင့်ညွှတ်ပြောင်းနူးညံ့နိုင်စွမ်း) ဆိုတာ

🌿စိတ်ခံစားမှုဆိုင်ရာ ပြန်လည်နာလန်ထူနိုင်စွမ်း (Emotional Resilience)၊

🌿စိတ်ကျန်းမာရေးပြည့်စုံသုခရှိမှု (Mental Well-being)

တို့အတွက် အဓိကသော့ချက်စွမ်းရည်ဖြစ်တာမို့

ပါဝင်တဲ့တချက်ခြင်းစီကို ကောင်းစွာကျင့်သုံးနိုင်ဖို့လိုပါတယ်။


ဒါကို စာအသိမဟုတ်ဘဲ နှလုံးသားအသိအထိ ရောက်ရှိနိုင်ဖို့ Mindfulness လေ့ကျင့်ခန်းတွေက ကူညီပေးပါလိမ့်မယ်။


ထပ်သိချင်တာရှိရင်လည်း မေးလို့ရပါတယ်ရှင့်။


 
 
 

Recent Posts

See All
Untitled

"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ" ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။ Unhappy Mo

 
 
 
BE GRATEFUL FOR EVERYTHING!

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ" BE GRATEFUL FOR EVERYTHING! WWP Program ရဲ့ Financial Wellness Week မှာ ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခ

 
 
 
"Mindful Eating" နှင့် "Intuitive Eating"

"Mindful Eating" နှင့် "Intuitive Eating" "Intuitive Eating" ခန္ဓာကိုယ်၏ သဘာဝအချက်ပြမှုများကို နားထောင်လိုက်နာပြီး စားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။ "Mindful Eating" စားသောက်နေချိန်မှာ အပြည့်အဝ သတိရှိစွာ အာ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page