
Untitled
"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ"
ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။
Unhappy Money ဆိုတာ ဘာတွေလဲ ဆိုတဲ့ ရှင်းပြချက်တွေထဲက တခု အကြောင်းဝေမျှချင်ပါတယ်။
သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေဟာ Unhappy Money ပါ တဲ့
လစာထုတ်ချိန်ဆို သင်မပျော်ဘူးတဲ့
ဟင်း ဒီလအတွက် ငါ့ရဲ့ စိတ်ညစ်ခ ပင်ပန်းခ ရပြန်ပြီ
ဘယ်တော့များမှ ဒီအလုပ်ကို စွန့်ခွာနိုင်ပါ့မလဲ
အဲလို စိတ်တွေနဲ့ ဝင်လာတဲ့ငွေကြေးကို မပျော်ဘူး
ကျေးဇူးတင်ဖို့ကတော့ ဝေးရောပေါ့
ကျမ ဒီအကြောင်းကို ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ဝေမျှချင်တယ်။
ကျမက လေ ဆရာဝန်လုံးဝမဖြစ်ချင်ခဲ့ဘူး။ လူတွေရဲ့အသက်တွေကို တာဝန်ယူရတာ ကျမ အရမ်းကြောက်တယ်။
ကျမက အဖေကြောင့်ရတဲ့ Childhood Trauma ဆီကနေ Neglect ကို အရမ်းမုန်းတဲ့ အမူအကျင့်တခု ကျမမှာ စွဲနေတာရှိခဲ့ဖူးတယ်။
Negligence တာဝန်မကြေခြင်း လျစ်လျူရှုခြင်း လုပ်သင့်တာကို မလုပ်ပေးခြင်း အဲဒီအရာကို ကျမ မုန်းလည်းမုန်း ကြောက်လည်းကြောက်တယ်။ အဲလိုလူတယောက်နဲ့နေဖူးပြီး ခံစားခဲ့ရဖူးတော့ အဲလိုလူဖြစ်မှာ အရမ်းကြောက်ခဲ့တယ်။
ဒါကြောင့် ကျမက ကျမတာဝန်ယူရမယ့် နေရာတခုရောက်တိုင်း ညတောင် မအိပ်နိုင်တဲ့အထိ တာဝန်ယူချင်စိတ်ကို မိမိကိုယ်ကို အပြစ်ပေးနေသလိုကို လုပ်ခဲ့တယ်။
(ဒါဟာ အဖေကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျမတို့ဘဝမှာ ဒုက္ခဆိုတာ ဒဏ်ရာဆိုတာ ဒါမဟုတ်လည်း ဟိုဟာ ရှိပြီးသားပါ။ ကျမ မှာ ဒီ ဒဏ်ရာရှိဖူးတယ်ပေါ့။ ဒီလိုလေးပဲ ပြန်ပြောပြရုံပါပဲ။
အခုက အဖေ့ကို ကျမ လုံးဝခွင့်လွှတ်တယ်။ ကျမမှာ ဒီဒုက္ခကို ဖြေရှင်းရမှာမို့ သူကို ဇာတ်ကောင်အဖြစ်နဲ့ ကျမ ဘဝမှာ လာတွေ့ရတယ်။ ဇာတ်ကောင်ဟာ သူမဟုတ်လည်း တခြားတယောက်ဖြစ်မှာပါပဲ။)
စကားဆက်ရရင် ကျမ 2014 ကစပြီး ၆ နှစ်ခွဲကြာ လုပ်ခဲ့ရတဲ့ အလုပ်က Refugee Camp မှာ ဆေးခန်းကြီးကြပ်ခြင်း၊ ကျန်းမာရေး Program ကို ကြီးကြပ်ခြင်း အပြင် လုပ်ငန်းလိုအပ်ချက်အရ လူနာပါကြည့်ရတယ်။ ကုသခြင်းဆိုင်ရာ Training တွေပါပေးရတယ်။
အဲဒီမှာ လူနာတယောက် အရေးပေါ်ဖြစ်ရင် ကျမ တညလုံး မအိပ်တော့ဘူး။ လိုအပ်တာတွေ လုပ်ပြီးလည်း ကိုယ့်စိတ်က မပြီးဘူး။ ငါ ဘာလုပ်ဖို့ကျန်သေးလဲ ဘာလုပ်ဖို့ကျန်သေးလဲ ဆိုတဲ့ အတွေးက ခေါင်းထဲလည်နေတယ်။
တခါတလေ အဲဒီရောဂါအကြောင်းတညလုံး စာထိုင်ဖတ်ရင် ဖတ်နေတယ်။
ပြောခဲ့သလိုပဲ ဆရာဝန် မလုပ်ချင်ဘဲ လုပ်ခဲ့ရတော့ ဆေးကျောင်းမှာ ကျမက အချိန်တွေကို အကျိုးရှိအောင် အသုံးမချခဲ့ဘူးလေ။ ကျမက စာမတော်ဘူး။ အဲဒီတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိဘူး။ ကိုယ့်ရဲ့ လိုအပ်ချက် ဆေးကုခြင်းနဲ့ဆိုင်တဲ့ Incompetence ကိုလည်း ကိုယ်သိတယ်။
ဆိုတော့ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်စိတ်မချနိုင်တဲ့ Low Self-esteem ရယ်၊ တာဝန်မကြေမှာ ပေါ့လျော့မိမှာကိုကြောက်တဲ့ Negligence ကို အစွန်းရောက်ကြောက်စိတ် ရယ်
အဲဒီ နှစ်ခုက အလုပ်လုပ်တိုင်း ကျမကို ဘယ်လောက် ဒုက္ခပေးခဲ့မလဲ မှန်းကြည့်နိုင်ပါတယ်။
စကားပြန်ကောက်ရရင် လခ အများကြီးရတယ်။ မပျော်ပါဘူး။
တနေ့ ငါ အလုပ်ထွက်မယ် ပဲ အမြဲတွေးနေခဲ့တာ။
အဲဒီ ၇ နှစ်နီးပါးကာလ မှာ ပျော်စရာအချိန်တွေ ရှိခဲ့တယ်။
မမြင်နိုင်ခဲ့ပါဘူး။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကိုပဲ အမြဲ ထိုင်ကြည့်နေခဲ့တယ်။
ကျမ အလုပ်မှာ Performance အရမ်းကောင်းတယ်။ ရလာဒ်တွေ ကောင်းတယ်။ အမှားမရှိဘူး။ ဒါပေမယ့် ကျမပျော်မနေပါဘူး။
ဒါပေမယ့် ကြိုးစားမှုရဲ့ ရလာဒ်ဟာ အဲ့ဒီ ကျမ မကြိုက်တဲ့အလုပ်ကနေပဲ ကျမကို လက်ဆောင်တခု ရရှိစေခဲ့တယ်။
ကျမ လူနာကြည့်တယ်။ ကိုယ်ခန္ဓာရောဂါသာမက စိတ်ပိုင်းဆိုင်ရာခံစားနေရသူတွေကိုပါ ကြည့်ရတာပါ။
ပြီးရင် နားထောင်ပေးရတယ်။ ကုသမှုကိုဆက်ယူနိုင်ဖို့ ပုံမှန်ပြနေကြ စိတ်ရောဂါအထူးကုဆရာဝန်ဆီ သူတို့ရဲ့အခြေအနေကို Report လုပ်ရတယ်။ Psychiatric ကို Assistant လုပ်ပေးရတဲ့သဘောပေါ့။ သူ့ဆီကို လူနာအကြောင်း အသေးစိတ်အချက်အလက်ပေးနိုင်ဖို့ လူနာကို ကျမ နားထောင်ပေးရင်း Empathetic Listener ဖြစ်လာတယ်။
ကျမရဲ့ Passion ကို ကျမ ရှာတွေ့သွားတယ်။
ကျမက စိတ်ညစ်မခံနိုင်တဲ့သူ လေ။ စိတ်ကို ကုသမှုပေးရတာ၊ သက်သာမှုပေးရတာ၊ စိတ်ရဲ့ လွတ်မြောက်ခြင်းကို အတူရှာဖွေပေးရတာကို ကျမ အရမ်းကို နှစ်သက်တယ်။
အဲဒီကနေ စပြီး MHPSS စိတ်နှင့်လူမှုဆိုင်ရာ စောင့်ရှောက်ခြင်းတွေကို ကျမ စာတွေ့ရော လက်တွေ့ပါ လေ့လာဖို့ လေ့ကျင့်ဖို့ အခွင့်အရေးရခဲ့တယ်။ 2014 နှစ်လယ်ကနေ အခုအထိပါပဲ။
နောက်တော့ ကျမ 2022 မှာ ကျမရဲ့ စိတ်ပိုင်းဆိုင်ရာကျော်ဖြတ်ရခြင်းတွေကို ရင်ဆိုင်ရာမှာ Mindfulness ကုထုံးတွေက ကျမဘဝထဲရောက်လာတယ်။
စိတ်ပိုင်းဆိုင်ရာမှာ ကျမ အတိအကျသွားရမယ့် လမ်းကြောင်းကို တွေ့သွားတယ်။
အရမ်းမြတ်နိုးစွာနဲ့ အဲ့ဒီအလုပ်ကို ငွေရရ မရရ ကျမလုပ်ခဲ့တယ်။
အဲဒီမှာ Ken Honda ရဲ့ စာအုပ်ထဲက နောက်ဆုံးအခန်းမှာ သူပြောထားတာနဲ့ ကွက်တိကျသွားတယ်။
ဟေး မင်း Money Magnet ဖြစ်ချင်လား?
ဆိုလိုတာက ငွေကို ဆွဲငင်နိုင်သူပေါ့
တကယ်တော့ ငွေရှာချင်စိတ် ငွေရှာခြင်းကို တစိုက်မတ်မတ်စိတ်ဝင်စားစိတ် အဲဒီ စိတ်စွမ်းအားက Money Magnet ပဲ။
ဘယ်လိုနည်းနဲ့ မဆိုနော်။ အဲဒီစိတ်နဲ့ဆို ငွေရတယ် တဲ့။
သို့သော် ကိုယ်က တရားမျှတစွာနဲ့ ငွေကိုလိုချင်တယ်။
တရားမျှတစွာနဲ့ သမာအာဇီဝနဲ့ Money Magent ဖြစ်ချင်တယ်ဆိုရင် လုပ်ရမှာက တနည်းထဲပဲ။
အခု မင်းလုပ်နေတဲ့ အလုပ်ကို အလွန်ချစ်မြတ်နိုးရလိမ့်မယ်။
ဥပမာ ဟင်းချက်ရောင်းရင်တောင် စေတနာပါပြီးချက်တဲ့ဆိုင်နဲ့ အလုပ်သဘောနဲ့ပဲ ချက်တဲ့ဆိုင် အောင်မြင်မှုခြင်းမတူဘူးလေ။
ပန်းစည်းလေးတစည်းဝယ်မယ်ဆိုရင်တောင် ပန်းတွေကိုချစ်ပြီး ပန်းစည်းစည်းပေးရတာကို တကယ် အနုပညာတခုလို မြတ်မြတ်နိုးနိုးစည်းပေးလိုက်တဲ့ ဆိုင်ရှင် နဲ့
အလုပ်သဘောပဲ လုပ်နေတဲ့ဆိုင်ရှင်မှာကိုယ်ဆိုရင်ရော ဘယ်သူ့ကို ရွေးမလဲ ရှင်းနေတာပဲလေ။
ကိုယ့်ရဲ့ အလုပ်ကို မြတ်နိုးတဲ့ Passionate ဖြစ်တဲ့ နှလုံးသားဟာ မျက်နှာမှာပေါ်တယ်။ အပြုအမူတွေမှာ စကားတွေမှာပေါ်တယ်။ ဒီဟာကပဲ သင့်ဆီကို ဝင်ငွေတွေ ယူဆောင်လာလိမ့်မယ်။ တခုခုဆို ဒီအလုပ်နဲ့တွဲပြီး သင့်ကိုတန်းသတိရကြလိမ့်မယ်။
အဲဒီမှာ Happy Money ဖြစ်သွားတယ်။
ကျမ အဖြစ်အပျက်ကို သုံးသပ်ရမယ်ဆိုရင် ကျမ မကြိုက်ပေမယ့် ဆရာဝန်အလုပ်ကို သဘောကျဖို့ ချစ်ဖို့အကြောင်းတွေက တကယ်တော့အများကြီးပါ။
ကျမ မလုပ်ခဲ့တာ။ လုပ်ရကောင်းမှန်းမသိခဲ့ဘဲ ၇ နှစ်လုံး စိတ်ဖိစီးမှုကိုပဲ ရွေးချယ်ပြီး နေခဲ့တာ။
တကယ်တော့ Unhappy Money ကနေ Happy Money ဖြစ်ဖို့ တခါတလေ ကိုယ့်စိတ်ကို ပြင်နိုင်ရင်လည်း ဖြစ်ပါတယ်။
ကိုယ်အခုလုပ်နေတဲ့ ဘာအလုပ်ကိုမဆို စိတ်ဝင်စားလိုက်၊ ဒါဟာ ငါ့အချိန်ကို အကျိုးရှိရှိအသုံးချနေတာပဲ။ အဲလို ခံယူလိုက်။
အတွေ့အကြုံဆိုတာကလည်း ကျမတို့အတွက် တန်ဖိုးရှိတာပဲလေ။ ဟုတ်တယ် မဟုတ်လား။
ကျမ ပြောသလိုပဲ မပျော်ပေမယ့် ကျမ သေချာလုပ်ခဲ့တယ်။အဲဒါတွေက အလကားမဖြစ်သွားဘူး။ အရင်ကကျမထက် အခုကျမက ပိုတော်သွားတယ်။ ပိုတတ်သွားတယ်။
အလုပ်ဆိုတာ Role ပဲ။ နေရာပဲ။
ဒီလောကကြီးဟာ အလုပ်လုပ်တဲ့သူကို Role မပေးလို့ နေရာမပေးလို့ကိုမရပါဘူး။
ဒါပေမယ့် ပူပြီး မာန်တက်ပြီးတော့ မလုပ်ပါနဲ့။ နှိုင်းယှဉ်ပြိုင်ဆိုင်ပြီးတော့မလုပ်ပါနဲ့။
ပတ်ဝန်းကျင်က ကိုယ့်ရဲ့ မာနတရားကို မခံနိုင်ပါဘူး။
ကိုယ်က လူတွေကို လိုက်အပြစ်တင်လာမယ်။ Judgmental အရမ်းဖြစ် ဝေဖန်တာကဲ့ရဲ့ မိတာတွေဖြစ်လာမယ်။
လူကောင်းမှာလည်း လူကောင်းရဲ့ အတ္တရှိတယ်နော်။ အဲဒါလေး သတိထားပါ။
လုပ်တာက လုပ်ပေးတယ်။ ကိုယ့်ရဲ့ အတ္တနဲ့ မာနနဲ့ လုပ်နေတယ် ဆိုရင် ကိုယ်ပေးနေတာတွေ သဲထဲရေသွန်ဖြစ်လိမ့်မယ်။ လူတွေက ကိုယ်လုပ်ပေးတာကို ရနေပေမယ့် ကိုယ့်ကြောင့် သူတို့လည်း ပျော်မနေတော့ဘူး။
ကိုယ့်ကိုကိုယ် ကြင်နာပြီးပဲ အကောင်းဆုံးလုပ်ပါ။ တခြားသူတွေကိုလည်း ကြင်နာနားလည်ပါ။
မာန်တင်းပြီး လုပ်မှ အလုပ် မဟုတ်ပါဘူး။
နူးညံ့ခြင်းကလည်း Skill တခုပဲနော်။ သတိထားလေ့ကျင့်ကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင်ကို အရမ်းအေးမြစေတာ။
နောက်တခုက ပစ္စုပ္ပန် ကို စိတ်ဝင်စားခြင်းဟာလည်း အရမ်းအရေးကြီးတယ်။
"Ken Honda" ကို "Zen Millionaire" လို့လည်း လူသိများတယ်။
အဓိပ္ပာယ်က ငွေကြေးနဲ့ အေးချမ်းသော Relationship ရရှိခြင်းဟာ အရေးကြီးတယ်ဆိုတဲ့ သူသင်ပေးခဲ့တဲ့ Zen သဘောတရားကို ဆိုလိုတာပါ။
Zen သဘောတရားက ကျမတို့နဲ့ မစိမ်းပါဘူး။
Zen ဆိုတာက စိတ်ကို ရှင်းလင်းငြိမ်သက်စေပြီး လက်ရှိအခိုက်အတန့်ကို သတိရှိရှိနေထိုင်ခြင်း ပါပဲ။
ဒါကြောင့် ငွေကြေးနဲ့ ပတ်သက်ပြီး အတိတ်ရဲ့ ပူပင်ခဲ့ရတာတွေ အနာဂတ်ကို တွေးပူနေတာတွေထက် အခု ပစ္စုပ္ပန်မှာ ငွေကြေးနဲ့ပတ်သတ်ပြီး ကိုယ့်ဘဝမှာရှိနေတဲ့ ကောင်းသောအရာတွေကို မြင်အောင်ကြည့်ဖို့ လက်ရှိအချိန်ကို ကောင်းစွာ အေးချမ်းစွာ အသုံးချဖို့၊ ဘဝရဲ့ အချိန်တွေကို ကောင်းစွာ Enjoy လုပ်ဖို့၊ ကောင်းစွာပျော်မွေ့နေထိုင်ခြင်းပေါ့။
ဒါတွေဟာ Zen Money တွေကို ဖြစ်ပေါ်စေပါလိမ့်မယ် တဲ့။
Happy Money ဆိုတဲ့ ၁ နာရီစာ ရှင်းပြထားသော Video ရယ်
Money Affirmation Song ရယ်
လက်ဆောင်ပေးထားပါတယ်။
အားလုံးပဲ Happy Money တွေ လိုအပ်ချိန်တိုင်း ပိုင်ဆိုင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Comments