
BE GRATEFUL FOR EVERYTHING!
"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ"
BE GRATEFUL FOR EVERYTHING!
WWP Program ရဲ့ Financial Wellness Week မှာ
ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခဲ့တယ်။
အဲဒီမှာ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ (BE GRATEFUL FOR EVERYTHING!) ဆိုတဲ့ အကြောင်းအရာတခုပါတယ်။
စာရေးဆရာက ဒါကို သူ့ရဲ့ Mentor ဝါဟဲအိ တာကဲဒါ (Wahei Takeda) ထံမှ ရရှိခဲ့တာပါ တဲ့။
ငွေကြေးနဲ့ ပတ်သက်တဲ့ အနက်ရှိုင်းဆုံးသော သင်ခန်းစာလို့ သူက ခံယူပါတယ်။
နက်ရှိုင်းတယ် ဆိုပေမယ့် ကျမတို့နဲ့ နီးနီးလေးမှာပဲ ရှိနေခဲ့တဲ့ အရာပါ။
ချစ်စရာ စိတ်ဝင်စားစရာကောင်းလှတယ်။
တနေ့မှာ သူ့ Mentor ဝါဟဲအိ Wahei ဆီကို အမျိုးသားတစ်ဦးဟာ အသည်းအသန် အကူအညီတောင်းရန် ရောက်ရှိလာတယ်။
ထိုအမျိုးသားမှာ ကြီးမားလှသော ကြွေးမြီ ပမာဏများ ရှိနေပြီး ငွေကြေး အမှန်တကယ် လိုအပ်နေခဲ့ပါတယ်။
ဝါဟဲအိ က ထိုအမျိုးသားအား ထူးဆန်းတဲ့ ကတိတခုကို တောင်းခဲ့တယ်။
ငွေကြေး ထုတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် Arigato "အရိဂါတိုး" (ကျေးဇူးတင်ပါတယ်) ဟု အကြိမ်ပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) တိတိ ပြောဆိုရမယ် ဆိုတဲ့ ကတိဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ ထိုအမျိုးသားဟာ လပေါင်းများစွာတိုင်အောင် တစ်နေ့တာရဲ့ မိနစ်တိုင်းလိုလိုတွင် "ကျေးဇူးတင်ပါတယ်" ဟု ရွတ်ဆိုနေရမယ် ဆိုတဲ့သဘောပါပဲ။
ထိုအမျိုးသားကလည်း သဘောတူခဲ့ပါတယ် တဲ့။
Arigato "အရိဂါတိုး" (ကျေးဇူးတင်ပါတယ်) ဟု အကြိမ်ပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) တကယ်လည်း ပြည့်အောင် သူရွတ်ဆိုခဲ့ပါတယ်။
အဲဒီလို ကတိပြီးမြောက်အောင်မြင်ပြီး ဝါဟဲအိ ဆီမှ ငွေကြေး လာရောက်ချေးယူရမယ့် အချိန်သို့ ရောက်ရှိသောအခါ ဆန်းကြယ်စွာနဲ့ပဲ ထိုအမျိုးသားဆီမှာ လိုနေတဲ့ငွေကြေးက ပြည့်စုံနေခဲ့ပြီ။
ကြွေးမြီများကို ပြန်လည် ပေးဆပ်နိုင်ခဲ့ပြီး ငွေကြေး ထပ်မံ ချေးယူရန် မလိုအပ်တော့ပါဘူး။
ဒါ ဘာကြောင့်ပါလဲ?
သူ့ရဲ ရင်မှာ ဖြစ်ထွန်းလာတဲ့ ကျေးဇူးတင်တတ်သော စိတ်ဓာတ်ကြောင့်
သူ့ရဲ့ ဘဝကပေးအပ်ထားတဲ့ လက်ဆောင်တွေကို သူမြင်နိုင်လာသောအခါမှာ
ဘဝရဲ့လက်ဆောင်ဆုလာဘ်တွေဟာ ပိုမိုများပြားလာခဲ့တယ်။
ကျမတို့ နှုတ်ဖျားက ကောင်းသောစကား တခု တခါပြောတိုင်း အရမ်းကောင်းတဲ့ စွမ်းအင်တွေကို ကမ္ဘာကြီးကို လောကကြီးကို ကျမတို့လက်ဆောင်ပေးနေတာပါ။
"ကျေးဇူးတင်တယ်" ဆိုတဲ့စကားဟာ အလွန်အေးချမ်းအစွမ်းထက်ပါတယ်။
ကျမတို့ရဲ့ ဘဝမှာ ရှိနေတဲ့ ကောင်းသောအရာတွေကို ကျေးဇူးတင်တယ် လို့ပြောလိုက်ချိန်မှာ ကျမတို့ဟာ ပစ္စုပ္ပန်တည့်တည့်ကို ရောက်ရှိသွားကြတယ်။
အတိတ်ကို မပူဆွေးဘူး။
အနာဂတ်ကို မပူပန်ဘူး။
ပစ္စုပ္ပန်မှာနေပြီး ကောင်းသောခံစားချက်ကို အလေးအမြတ်ပြုနေခြင်းဟာ Zen Life Style ပါ လို့ စာရေးဆရာ Ken Honda က ပြောခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ ကျမတို့ပိုင်ဆိုင်ထားသမျှ အရာရာဟာ လုံလောက်နေတယ်။ ပြည့်စုံနေတယ်လို့ သဘောပေါက်သွားတယ်။
ကျမတို့ရဲ့ ဖြစ်တည်မှုဟာ လုံလောက်နေပြီလို့ သိသွားတယ်။
"I am Enough." ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ခံစားသိနဲ့ သိလာတယ်။
ငါ့မှာ ငါလိုအပ်သောအရာ အားလုံး ရှိနေပြီးပြီပဲ။
ဒီအမှန်တရားကို သိရှိခြင်းနှင့် ခံစားရခြင်းဟာ စက္ကန့်ပိုင်းပဲ ကြာချင်ကြာလိမ့်မယ်။
သို့သော် ဒါဟာ အင်အားကြီးလှတယ်။
စွမ်းအင်ကြီးမားလှတယ်။
သင့်ဘဝတခုလုံးကို ပြောင်းလိုက်နိုင်သည် အထိ စွမ်းအားကြီးပါတယ်။
မိမိကိုယ်ကို ကျေးဇူးတင်စိတ်နှင့် မိမိဘဝကို မြတ်နိုးတန်ဖိုးထားမှုတို့အပေါ်မှာ
အာရုံစူးစိုက်လိုက်ချိန်မှာ
သင်ဟာ သင်လိုချင်တဲ့ မည်သည့်အရာကိုမဆို အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ခွန်အားတွေ ရရှိလာပါလိမ့်မယ်။
ကြွယ်ဝချမ်းသာချင်ပါသလား။
ပျော်ရွှင်ချင်ပါသလား။
ငြိမ်းချမ်းချင်ပါသလား။
ကျေးဇူးတင်စိတ်နဲ့ နေ့စဉ် နိုးထပါ။
ကိုယ့်ဘဝရဲ့လက်ဆောင်မွန်တွေကို ပီတိဖြစ် ဝမ်းမြောက်ပါ။
"ကျေးဇူးတင်ပါတယ်" လို့ မကြာခဏ ပြောပါ။
အလွန် ရိုးရှင်းလှတယ်။
ဒါပေမယ့် အလွန်လည်း အကျိုးကျေးဇူးများလှပါတယ်။
Comments