
Loving Wildlife
- Khaing Mon Nwe
- Mar 14
- 4 min read
Wildlife လို့ခေါ်တဲ့ တောရိုင်းတိရစ္ဆာန်လေးတွေကို ဘယ်လိုချစ်ကြမလဲ
တကယ်တော့ Wildlife ဆိုတာက အလှကြည့်ဖို့ပဲဖြစ်ဖြစ် (သို့မဟုတ်) ချစ်လို့ပဲဖြစ်ဖြစ် အိမ်မှာမွေးရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မဟုတ်ပါဘူး။
Wildlife တောရိုင်းတိရစ္ဆာန်တွေဆိုတာ ကျွန်တော်တို့ကမ္ဘာကြီးကို ပုံမှန်သာယာစွာလည်ပတ်နေဖို့ပြုလုပ်ပေးနေတဲ့ အဓိက "အင်ဂျင်" တွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။
ဥယျာဉ်မှူးလေးတွေလို့ တင်စားလို့လည်းရတာပေါ့။
တောရိုင်းတိရစ္ဆာန် (Wildlife) ဆိုတာ တောထဲမှာ သူတို့ဘာသာနေတာ
ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်မိကောင်းထင်မိနိုင်ပါတယ်။
ဒါပေမယ့် တကယ်တော့ လူသားထုတရပ်လုံး နေ့စဉ်မှီခိုစားသောက်နေထိုင်နေတဲ့
အစားအစာ၊ ရေ၊ ရှူနေတဲ့ လေထုစတာတွေဟာ သူတို့ရဲ့ အသက်ရှင်တည်ရှိမှုအပေါ်မှာ မှီခိုနေရပါတယ်။
Ecology သဘာဝပတ်ဝန်းကျင်ဆိုင်ရာဂေဟစနစ် မှာ Wildlife တောရိုင်းတိရစ္ဆာန်လေးတွေက ဘယ်လောက်အထိ အရေးပါသလဲဆိုတာ အောက်ပါအချက်တွေက သက်သေပြနေပါတယ်။
ဆက်ဖတ်ကြည့်ရအောင်။
၁။ သစ်တောတွေရဲ့ "စိုက်ပျိုးရေးပညာရှင်များ" (Natural Re-forestation)
ဆင်၊မျောက်၊ ဌက် စသည့် အကောင်လေးတွေက သူတို့စားလိုက်တဲ့ အသီးတွေရဲ့ မျိုးစေ့ဟာ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာမှာ သူတို့ရဲ့ အညစ်အကြေးနဲ့အတူ မြေသြဇာပါပြီးသားအတိုင်း ပြန်ကျလာပြီး သစ်ပင်အသစ်တွေ ဖြစ်လာပါတယ်။
ရှဉ့််လေးများ သူတို့ဝှက်ထားပြီး မေ့သွားတဲ့ အစေ့အဆံလေးတွေကနေ သစ်ပင်ကြီးတွေ ပေါက်လာတတ်ပါတယ်။
လူတွေ သစ်ပင်စိုက်တာ သစ်တောထိန်းသိမ်းတာတွေပြုလုပ်သလိုပါပဲ။
တောရိုင်းတိရစ္ဆာန်တွေက ပိုပြီး သဘာဝဆန်စွာ ထိရောက်စွာနဲ့ သစ်တောသစ်ပင်တွေကို စိုက်ပေးနေကြတယ်။
သစ်တောထိန်းသိမ်းဖို့ အပင်တွေကိုတန်ဖိုးထားရုံသာမက တောရိုင်းတိရစ္ဆာန်ကိုပါ တန်ဖိုးထားလည်း ထိန်းသိမ်းရပါမယ်။
၂။ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် (Climate & Disaster Protection)
အပေါ်မှာ ပြောခဲ့သလိုပါပဲ။
ကျန်းမာတဲ့ သဘာဝဂေဟစနစ်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ သစ်တောထိန်းသိမ်းရေးမှာ အဓိကပါဝင်နေတာမို့ သစ်တောတွေရဲ့ကောင်းကျိုးကို ခံစားကြရပါတယ်။
သစ်တောတွေက မြေဆီလွှာကို ပိုမိုကောင်းမွန်စေပြီး မြေလွှာကို ကုပ်တွယ်ထားလို့ ရေကြီးရေလျှံမှုကိုလည်း တားဆီးပေးနိုင်တယ်။
သစ်တောတွေဟာ ကာဗွန်တွေကို စုပ်ယူပေးလို့ ကမ္ဘာကြီးပူနွေးမှုကို တိုက်ရိုက်လျှော့ချပေးသလို
ကျွန်တော်တို့လူသားတွေမရှိမဖြစ် လိုအပ်တဲ့ Oxygen ကိုလည်း ထုတ်ပေးနေတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။
၃။ အစာကွင်းဆက်နှင့် သဘာဝမျှခြေ (Ecological Balance)
ဂေဟစနစ်တစ်ခုမှာ သားရဲတိရစ္ဆာန် (Predators) အသားစားတိရစ္ဆာန် နှင့် အပင်စားသတ္တဝါ (Prey) တွေဟာ အချိုးကျ ရှိနေရပါတယ်။
ဥပမာ
သစ်တောထဲမှာ ကျားတွေ မရှိတော့ရင် သမင်နဲ့ ဆတ်တွေ အဆမတန် များလာမယ်။ အဲဒီအခါ အပင်ငယ်လေးတွေကို သမင်တွေက အကုန်စားပစ်လိုက်တဲ့အတွက် တောကြီးက
သစ်ပင် အသစ်ပြန်မပေါက်နိုင်တော့ဘဲ သဘာဝသစ်တောများတစ်ဖြည်းဖြည်းလျှော့နည်းလာနိုင်ပါတယ်။
၄။ ရောဂါဘယများကို ထိန်းချုပ်ပေးခြင်း (Natural Disease Control)
တောရိုင်းတိရစ္ဆာန်လေးတွေက သဘာဝအတိုင်း ရောဂါဘယတွေကို ထိန်းချုပ်ပေးနေပါတယ်။
အရေးအပါဆုံး အခန်းကဏ္ဍတစ်ခုကတော့ သေဆုံးပြီးသား အကောင်ပုပ်တွေကို ဖယ်ရှားပေးတာပါပဲ။
ဥပမာပေးရမယ်ဆို အထင်ရှားဆုံး ဥပမာက လင်းတများ (Vultures) ဖြစ်ပါတယ်။
လင်းတများသည် သေဆုံးနေသော တိရစ္ဆာန်အလောင်းများကို လျင်မြန်စွာ စားပစ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ထဲတွင် အကောင်ပုပ်များ မတည်ရှိစေရန် တာဝန်ယူထားကြတယ်။ ထူးခြားစရာသည်မှာ လင်းတများ၏ အစာခြေစနစ်မှာ အက်ဆစ်ဓာတ်ပြင်းထန်တာကြောင့် လူနှင့် အခြားတိရစ္ဆာန်များအတွက် အန္တရာယ်ရှိသော ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်အချို့ကိုပါ ဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် လင်းတများသည် ရောဂါပိုးများကို “စားပြီး ဖျက်ဆီးနိုင်သော” သဘာဝကာကွယ်ရေးစနစ်တစ်ခု အဖြစ်တည်ရှိနေပါတယ်။
အိန္ဒိယနှင့် တောင်အာရှဒေသများတွင် လင်းတအရေအတွက် ပြင်းထန်စွာ လျော့နည်းသွားခဲ့ရာ သေဆုံးနေသော နွားအလောင်းများကို သဘာဝအတိုင်း ဖယ်ရှားနိုင်မှု လျော့နည်းလာခဲ့ပါတယ်။ ထိုအခါ ခွေးရိုင်းများ၊ ကြောင်ရိုင်းများနှင့် အခြား အကောင်စားတိရစ္ဆာန်များက အကောင်
ပုပ်များကို စားလာကြပြီး ၎င်းတို့၏ အရေအတွက် ပိုမိုတိုးပွားလာခဲ့ပါသည်။
ခွေးရိုင်းများ တိုးပွားလာခြင်းသည် လူများအတွက် အသက်အန္တရာယ်ဖြစ်စေသော ခွေးရူးရောဂါ (Rabies) ပြန့်ပွားမှုကို တိုးမြှင့်စေတယ်။
ဤဖြစ်ရပ်သည် သဘာဝစနစ်အတွင်း တိရစ္ဆာန်တစ်မျိုး ပျောက်ဆုံးသွားခြင်း မျှခြေမညီမျှတော့ခြင်းက လူ့ကျန်းမာရေးစနစ်ကို ဘယ်လောက်အထိ ထိခိုက်စေနိုင်သည်ကို အလွန်ရှင်းလင်းစွာ ပြသနေတာပါ။
အကောင်ပုပ်များကို ဖယ်ရှားခြင်းတစ်ခုထဲသာ မဟုတ်ဘဲ သဘာဝရောဂါထိန်းချုပ်ရေးမှာ
ပိုးမွှားစားတိရစ္ဆာန်ငယ်များ သည်လည်း အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်နေကြပါတယ်။
လင်းနို့များ သည် ညဘက်တွင် ခြင်နှင့် ပိုးမွှားများကို စားပစ်ခြင်းအားဖြင့် သွေးလွန်တုပ်ကွေး၊ ဌက်ဖျား ၊ ဇီကာကဲ့သို့ ခြင်မှတဆင့် ကူးစက်သော ရောဂါများကို သဘာဝအတိုင်း ထိန်းချုပ်ပေးနေပါတယ်။
အလားတူပင် ဖားများ သည် ရေတွင်း၊ လယ်ကွင်းနှင့် စိုစွတ်သော ပတ်ဝန်းကျင်များတွင် ပိုးမွှားအရေအတွက်ကို ထိန်းညှိပေးပြီး လူ့ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေးကို တစ်ပြိုင်နက် ထောက်ပံ့ပေးပါတယ်။
ပိုးမွှားစားငှက်များကလည်း လယ်ယာဒေသများတွင် ဓာတုဆေးအသုံးပြုမှု လျော့နည်းစေကာ ရေထုနှင့် မြေထုညစ်ညမ်းမှုကို ကာကွယ်ပေးနေပါတယ်။
သစ်တောဖျက်ဆီးမှု၊ သဘာဝနယ်မြေများ ခွဲခြမ်းခြင်းကြောင့် တိရစ္ဆာန်များ၏ နေရပ်ဆုံးရှုံးမှုတို့သည် လူနှင့် တိရစ္ဆာန်များအကြား နေထိုင်မှုကို ပိုမိုနီးကပ်စေပြီး ဇူးနိုတစ်ရောဂါများ (Zoonotic Diseases) ပေါ်ပေါက်လာစေပါတယ်။
လူသားများသည် သဘာဝစနစ်ကို ချိုးဖောက်ဖျက်ဆီးလာလေလေ၊ ရောဂါပိုးများသည် လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်လာရန် လမ်းကြောင်းပိုမို ရရှိလာလေလေ ဖြစ်တယ်။
၅။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ (Food Security)
လူသားတရပ်လုံး စားနေတဲ့ အသီးအနှံတွေရဲ့ 75% ကျော်ဟာ ပျား၊ လိပ်ပြာနဲ့ ငှက်လေးတွေရဲ့ ဝတ်မှုန်ကူးပေးမှု (Pollination) ကြောင့် ရရှိတာပါ။
သူတို့သာ မျိုးသုဉ်းသွားရင် ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ ရှားပါး၍ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်
လာရနိုင်ပါတယ်။
၆။ Wildlife များကို အိမ်မွေး Pet အဖြစ် မွေးမြူခြင်း၏ အန္တရာယ်နှင့် အကျိုးဆက်များ
ယနေ့ခေတ်တွင် ထူးခြားသော တိရစ္ဆာန်များကို ပိုင်ဆိုင်လိုသည့် ဆန္ဒကြောင့် သဘာဝတောရိုင်းတိရစ္ဆာန်များကို အိမ်တွင်း Pet အဖြစ် မွေးမြူလိုသူများ တိုး၍တိုး၍လာနေပါတယ်။ သို့သော် Wildlife များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်းသည် ပုံမှန်ခွေး၊ ကြောင်များကို မွေးမြူခြင်းနှင့် လုံးဝကွာခြားပြီး သဘာဝ၊ လူ့ကျန်းမာရေးနှင့် လူ့အသက်အန္တရာယ်အပေါ် အကျိုးဆက်ကြီးများ ဖြစ်ပေါ်စေနိုင်ပါသည်။
Wildlife များသည် သဘာဝပတ်ဝန်းကျင်အတွင်း လွတ်လပ်စွာ နေထိုင်ရန် ဖန်တီးထားသော သက်ရှိများဖြစ်၍ ၎င်းတို့ကို လူများက အိမ်တွင်းကန့်သတ်မွေးမြူခြင်းသည် သဘာဝအလေ့အကျင့်များ ပျက်စီးစေပြီး အကောင်လေးများတွင် စိတ်ဖိစီးမှု၊ အပြုအမူချိုးဖောက်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။ သဘာဝတွင် အစာရှာဖွေခြင်း၊ မျိုးပွားခြင်း၊ နယ်မြေသတ်မှတ်ခြင်း စသည့် အလေ့အကျင့်များကို အိမ်တွင်းပတ်ဝန်းကျင်တွင် မပြုလုပ်နိုင်သဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်လာနိုင်တယ်။
ထို့အပြင် Wildlife များသည် လူသားများ မကြုံတွေ့ဖူးသော ရောဂါပိုးများကို သယ်ဆောင်ထားနိုင်ပါတယ်။ ထိုရောဂါများကို ဇူးနိုတစ်ရောဂါများ (Zoonotic diseases) ဟု ခေါ်ကြပြီး လူသားများအတွက် အသက်အန္တရာယ်ရှိနိုင်ပါသည်။
Wildlife များသည် သူတို့၏ သဘာဝအရ ရိုင်းစိုင်းသော အပြုအမူများရှိပြီး လူသားများနှင့် အပြည့်အဝ အတူနေထိုင်ရန် မဖြစ်နိုင်ပါ။ အိမ်တွင်းတွင် မွေးမြူထားသော်လည်း ကြောက်ရွံ့မှု သို့မဟုတ် စိတ်ဖိစီးမှု ဖြစ်လာချိန်တွင် တိုက်ခိုက်ခြင်း၊ ကိုက်ခဲခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Wildlife ကို Pet အဖြစ် လူတွေကမွေးမြူချင်သော လိုအပ်ချက်များကြောင့် တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီးရောင်းချမှုများ တိုးပွားလာပြီး တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအတွင်းရှိသော အရေအတွက် လျော့နည်းစေပြီး အချို့မျိုးစိတ်များ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကို တိုးမြှင့်စေတယ်။
Wildlife များသည် သဘာဝစနစ်အတွင်း အရေးပါသော အခန်းကဏ္ဍများ ထမ်းဆောင်နေကြတာပါ။
၄င်းတို့ကို သဘာဝမှ ခွဲထုတ်လိုက်ခြင်းသည် အစာကွင်းဆက် (Food chain) နှင့် သဘာဝစနစ်၏ ညီမျှမှုကို ပျက်စီးစေပြီး ပိုးမွှားများ တိုးပွားလာခြင်း၊ ရောဂါများ ပိုမိုပြန့်ပွားလာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
နိုင်ငံအများစုတွင် Wildlife များကို အိမ်မွေး Pet အဖြစ် မွေးမြူခြင်းသည် ဥပဒေအရ တားမြစ်ထားပြီး ဥပဒေချိုးဖောက်ပါက ဒဏ်ငွေချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း သို့မဟုတ် တိရစ္ဆာန်များကို သိမ်းဆည်းခြင်း စသည့် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်တယ်။
Wildlife များသည် လူသားတဦးတယောက်၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ သဘာဝ၏ အရေးပါသော အစိတ်အပိုင်းများဖြစ်ကြပါတယ်။ နိုင်ငံတနိုင်ငံချင်းစီရဲ့ ရတနာတွေ ကမ္ဘာမြေကြီးရဲ့ရတနာတွေဖြစ်ကြတယ်။
၄င်းတို့ကို အိမ်တွင်း Pet အဖြစ် မမွေးမြူဘဲ သဘာဝအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်ပေးခြင်းသည် လူသားနှင့် သဘာဝ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေတယ်။
အဆုံးသတ်အနေဖြင့် Wildlife များကို အိမ်မွေး Pet အဖြစ် မွေးမြူခြင်းသည် ကိုယ်တိုင်၏ စိတ်ကျေနပ်မှုအတွက် သဘာဝ၊ လူ့ကျန်းမာရေးနှင့် အနာဂတ်သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ကြီးမားစေသော လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ Wildlife ကို သဘာဝထဲမှာသာ ထားရှိခြင်းသည် လူသားများနှင့် သဘာဝပတ်ဝန်းကျင် အတွက် အကောင်းဆုံး ကာကွယ်ရေး စောင့်ရှောက်ရေးပင် ဖြစ်ပါတယ်။
တကယ်ချစ်ရင် ဘာလုပ်ကြမလဲ?
Wildlife တွေကို ကာကွယ်တယ်ဆိုတာ သူတို့ကို သနားလို့သာမက ကိုယ်တွေ လူသားတွေရဲ့ သားသမီး မြေးမြစ်တွေ ကျန်းမာတဲ့ ကမ္ဘာကြီးမှာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် "ရင်းနှီးမြှုပ်နှံ" ပေးနေတာပါ။
ဒါကြောင့် ဘယ်လိုစောင့်စည်းသင့်လဲဆိုရင်
✅ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကို မဝယ်ပါနဲ့။
✅ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကို မျှဝေပေးပါ။
✅ သူတို့ရဲ့ နေရင်းဒေသ (Habitats) တွေကို မဖျက်ဆီးပါနဲ့။
"ကျန်းမာတဲ့ Wildlife ရှိမှ ကျန်းမာတဲ့ ကမ္ဘာမြေ ရှိမှာဖြစ်ပါတယ်"
📚 သုတေသနစာတမ်းများ (Academic Citations)
1. Swan, G., Naidoo, V., Cuthbert, R., Green, R. E., Pain, D. J., Swarup, D., Prakash, V., Taggart, M., et al. (2006).
Removing the threat of diclofenac to critically endangered Asian vultures. PLoS Biology, 4(3): e66. DOI: 10.1371/journal.pbio.0040066
2. Oaks, J. L., Gilbert, M., Virani, M. Z., Watson, R. T., Meteyer, C. U., Rideout, B. A., Shivaprasad, H. L., Ahmed, S., Chaudhry, M. J. I., Arshad, M., Mahmood, S., Ali, A., & Khan, A. A. (2004).
The collapse of vulture populations in South Asia. Biodiversity, 5(3): 3–11. DOI: 10.1080/14888386.2004.9712733
3. Swan, G. J. S., Cuthbert, R., Quevedo, M., Green, R. E., Pain, D. J., Bartels, P., Cunningham, A. A., Duncan, N., Meharg, A., Oaks, J. L., et al. (2021).
Trends in the availability of the vulture-toxic drug, diclofenac, and other NSAIDs in South Asia, as revealed by covert pharmacy surveys. Bird Conservation International, 31(3): 337-353. DOI: 10.1017/S0959270920000477
4. Ogada, D. L., Torchin, M. E., Kinnaird, M. F., & Ezenwa, V. O. (2012).
Effects of vulture declines on ecosystem services and disease dynamics. Bird Conservation International, 29(1): 41-54. DOI: 10.1017/S0959270918000126
5. Ogada, D. L., et al. (2012).
Vultures as nature’s scavengers and implications for pathogen spread and public health. Ecological & Public Health research context.
6. Ogada, D. L., Torchin, M. E., et al. (2013).
Carcass decomposition studies show vultures accelerate decomposition and reduce fly abundance.
Journal of Applied Ecology/ Ecosystem ecology papers.
7. IPBES (2016).
Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services. Pollinators, Pollination and Food Production: Summary for Policymakers. Bonn, Germany: IPBES Secretariat.
Global assessment concluding ~75 % of food crops depend at least in part on animal pollination.
8. Klein, A.-M., Vaissière, B. E., Cane, J. H., Steffan-Dewenter, I., Cunningham, S. A., Kremen, C., & Tscharntke, T. (2007).
Importance of pollinators in changing landscapes for world crops. Proceedings of the Royal Society B: Biological Sciences, 274(1608), 303-313.
Classic review quantifying pollination dependence for ~115 major crops, ~75 % showing dependence to various degrees.
9. FAO (2025).
About Pollinators | FAO Pollination Programme. Food and Agriculture Organization of the United Nations.
FAO’s overview confirms the foundational pollinator dependence statistic for global food crop types.
Comments